ရွာငံ ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွာငံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ဝင်ငွေရ တစ်ပိုင် တစ်နိုင် ဆိုင်ကယ်ပြုပြင်သည့်ဆိုင်များ ဖွင့်လှစ်ပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင် လာနိုင်ကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်သိန်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုကာလတိုနည်းပညာသင်တန်းဆိုင်ရာများ၊ ရက်ကန်းသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စုအတွင်းရှိ ယကြီး၊ ပွေးပြတ်၊ တောင်ပို့ ကွဲ၊ မြေခြား၊ စိန်ချဉ်ပင်၊ လွှစင်ကျေးရွာများမှ သင်တန်းသား(၂၀)ဦးတို့ဖြင့် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဦးဝေဟင်ကိုကိုက ကိုဗစ်−၁၉ သက်မှတ်စည်းကမ်းချက်များနှင့်အညီ ဇွန်လ(၂၄)ရက်မှစတင်၍ ဇူလိုင်လ(၂၃)ရက်နေ့အထိ တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွာငံ (ပြန်/ဆက်)