ခရမ်း ဩဂုတ် ၁၁
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက်များ ဖြေလျှော့ ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများပြန်လည်ဖော်ဆောင်နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကံကောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျွဲနွားမွေးမြူ ထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော် က တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် ကျွဲနွားမွေးမြူခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားကာရရှိမည့် အကျိုးအမြတ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းက ကျွဲနွား အမျိုးအစား၊ ကျွဲနွားများအား ကျန်းမာရေးနှင့် ညီညွှတ်စွာ စနစ်တကျ ပြုစုမွေးမြူနည်း၊ ကျွဲနွားများတွင် ရာသီအလိုက် အများဆုံး ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ ကူးစက် ရောဂါများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ် နည်းများ၊ ကုသနည်းလမ်းများ၊ ကျွဲနွားများအား ပြည်ပသို့ တင်ပို့ခြင်းနှင့် စျေးကွက် အခြေအနေ အကြောင်းများကို ရှင်းလင်းဟောပြောပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၅ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်အတွင်းအုပ်စုကျေးရွာများတွင်လည်း သင်တန်း များ ဆက်လက်ဖွင့်လှစ်ပို့ချမည်ဟု မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော် က ပြောကြားခဲ့သည်။
ကိုမင်း(ခရမ်း )