ဒဂုံ ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက် အမှတ်(၁)အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ အသက်(၆)လမှ (၅) နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဖွေးဘီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဖွေးဘီက နှစ်စဉ်ပုံမှန်ကာကွယ်ဆေး တစ်နှစ်လျှင် (၂)ကြိမ် တိုက်ကျွေးပေး ခြင်း ဖြင့် ကလေးငယ်များ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုအပြင် ကျန်းမာသန်စွမ်းပြီး အမြင်အာရုံ အားကောင်းစေရန် တိုက်ကျွေးခြင်းဖြစ်ကြောင်း ရှင်းလင်းပေးပြီး ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်ဝန်ရှိစဉ်ကာလ မိခင်နှင့်ကလေး ကျန်းမာ သန်စွမ်းမှုရှိစေရန် ပုံမှန်ကာကွယ်ဆေး အားဆေးများ လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင် ကာလ လိုက်နာရမည့် အသိပညာများ ထည့်သွင်းဟောပြောသည်။
ယင်းနောက် အသက်(၅)နှစ်အောက် ကလေးငယ်(၅၂)ဦးတို့အား တစ်ဦးချင်းအလိုက် အားဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ လက်မောင်းပတ်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)