ချင်းရွှေဟော် ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ ကိုးနဝင်းအောင် စင်္ကြာစေတီကုန်းပေါ်တွင် ဗုဒ္ဓသာသနာရောင်ဝါထွန်းလင်းစေရန် ရည်ရွယ်၍ ချင်းရွှေဟော်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း တိုက်၊ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်၏ ဦးဆောင်မှုဖြင့် လောက်ကိုင်မြို့နယ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထွန်းထွန်းမြင့် မိသားစုနှင့် စေတနာရှင်အလှူရှင်များ စုပေါင်းဆောက်လုပ်လှူဒါန်းသည့် “အောင်သုခ” ပဋ္ဌာန်းဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကိုးနဝင်းအောင်စင်္ကြာစေတီတော်ဝန်း အတွင်း အဆိုပါဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာ တက်ရောက်လာကြသည့် ဧည့်ပရိသတ် စေတနာရှင်၊အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ချင်းရွှေဟော်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း တိုက်၊ ကျောင်းထိုင်ဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက် လောက်ကိုင်မြို့နယ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒုတိယဒကစမှူး ဗိုလ်မှူးကြီး ထွန်းထွန်းမြင့် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ စုပေါင်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ မန်ချူး ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာ သနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အလှူတော်မင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ “အောင်သုခ” ပဋ္ဌာန်းဓမ္မာရုံကို ချင်းရွှေဟော်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးဆောင်၍ စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းငွေကျပ်(၄၃၅)သိန်းဖြင့် ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်၊ ပြန်/ဆက်