ကျောက်ပန်းတောင်း ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း တို့တွင် ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံ ထုတ်ဝေခြင်းဖြစ်ပြီး၊ အဆိုပါစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ် ဆေးဝါးပြသနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အသိပေးခြင်း၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များနှင့် ကဗျာဆရာ မုံရွာဝင်းဖေ၏ “ကမ္ဘာ့ရန်သူ ဘိန်းဖြူ”ကဗျာများပါဝင်ပြီး၊ ကျောင်းသား ကျောင်းသူများအတွက် စာစီစာကုံးဖြေဆိုရာတွင်လည်းကောင်း၊ ဆောင်းပါးရေးသားရာတွင် လည်းကောင်း အထောက်အကူဖြစ်စေမည့် လက်ကမ်းစာစောင်ငယ်တစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က စာစောင်ပါ အကြောင်းအရာများကိုရှင်းလင်းပြောကြားပြီး၊ ကလေးများ ဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)