မိုင်းကိုင် ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်သည် ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ထက် လျော့နည်းမှုရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းကိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၈၉)ဦး ရှိသည့်အနက် (၁၉)ဦး ဖြေဆိုအောင်မြင်ပြီး တစ်မြို့နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၁.၃၅% ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၁၃)ဦးအနက် (၁၆)ဦးသာ ဖြေဆိုအောင်မြင်ခဲ့ပြီး တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်းမှာ ၁၄.၁၆% ဖြစ်သော ကြောင့် ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း ၇.၁၉% လျော့နည်းနေကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို အွန်လိုင်းစနစ်ဖြင့် ပြသခဲ့သည့်အတွက် အောင်စာရင်းများကို အချိန်တိုအတွင်း သိရှိနိုင်သောကြောင့် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ ပိုမိုလွယ်ကူ အဆင်ပြေစေကြောင်း သိရသည်။
ယခုပညာသင်နှစ်တွင် မိုင်းကိုင်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (၃)ကျောင်းရှိလာပြီး အထက်တန်းအဆင့် ကျောင်းများ အားလုံးကို ဖွင့်လှစ်သင်ကြား နေပြီဖြစ်သောကြောင့် ကျောင်းသား/သူများ အနေနှင့်လည်း အခြားမြို့များသို့ သွားရောက်သည့်ဦးရေ လျော့နည်းပြီး မိမိမြို့နယ်အတွင်းတွင်သာ ပိုမိုတက်ရောက် လာကြသောကြောင့် အထက်တန်းအဆင့် ကျောင်းသား/ သူဦးရေမှာ ယခင်နှစ်များထက် ပိုမိုများပြားလာပြီး ပညာရေးဌာနမှ တာဝန်ရှိသူများ ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများကလည်း ကျောင်းသား/သူများ ရောဂါအန္တရာယ် ကင်းဝေး၍ ပညာသင်ကြား နိုင်စေရေး တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)