ပင်လောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ပင်လောင်း ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် လူငယ်များမှ မူးယစ်ဆေးဝါး၏သားကောင်များအန္တရာယ်ကို ရှောင်ရှားနိုင်စေရန်အတွက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ “မူးယစ်ဆေးစွဲသူဖေးမကူ” စသည့်အကြောင်းအရာများ၊ အသိပညာပေး ကဗျာနှင့်ကာတွန်းများ ပါဝင်သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို  ပင်လောင်းမြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်