မိုးညှင်း ဇွန် ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းကို ဇွန်(၂၂)ရက် နံနက်(၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကြာကြီးကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် နှစ်နေရာခွဲ၍ ဖွင့်လှစ် ခဲ့သည်။
သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးမြသိန်းဝင်းက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာလူထုကို ပိုမိုလှုံ့ဆော်စည်းရုံးလာနိုင်စေရန်နှင့် ခေါင်းဆောင်၏ အခန်းကဏ္ဍကို ပိုမိုသိရှိနားလည်လာပြီး လက်တွေ့ကျင့်သုံးနိုင်ခြင်းများအတွက် အထောက်အကူ ဖြစ်စေကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လာနိုင် စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၈)ရွာမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကော်မတီဝင် စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)