ဗန်းမော် ဇွန် ၂၄
၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ဒေသခံပြည်သူများထံ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်များကို ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုမိုးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများထံသို့လည်းကောင်း၊ ဗန်းမော်မြို့ပေါ်ရပ်ကွက်များ၌ ဒေသခံ ပြည်သူများထံသို့လည်းကောင်း ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ သတင်းစကားလက်ကမ်းစာစောင် တွင် မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်အကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် အသိပညာပေးကာတွန်းတို့ ပါဝင်ကြောင်း သိရသည်။
အလားတူ သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာငှားစာဖတ် ပရိတ်သတ်များကိုလည်း စာကြည့်တိုက်မှူး ဒေါ်ကြူကြူဝင်းမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)