ရမည်းသင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်

ရမည်းသင်း     ဇွန်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေးတပ် ကွင်းဆင်းဆောင်ရွက်ပေးပြီး ယနေ့နံနက် ၁၀ နာရီက အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်  အောင်ချမ်းသာ ခန်းမ၌   ပေးအပ်ပွဲကို  ကျင်းပပြုလုပ်သည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် အမှတ်(၃) စစ်အခြေခံလေ့ကျင့်‌ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦးက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာခရိုင်ဦးစီးမှူး ဦးထွန်းဦးမှ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ဆောင်ရွက်ပေးရခြင်း  လုပ်ငန်းစဉ်ကို  ရှင်းလင်း  ပြောကြားသည်။

ရမည်းသင်းမြို့နယ်၊ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိ  အိမ်ထောင်စု လူဦးရေစာရင်း (၁၁၆ )စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၀၈)ဦးတို့အား မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများက စိစစ်ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားအရည်အချင်းပြည့်ဝသူ ပြည်သူများအား အမှတ်(၃) စစ်အခြေခံလေ့ကျင့်တပ်၊ တပ်နယ်မှူးဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်လဝကဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမောင်ရွှေသိမ်း၊ အဖွဲဝင်ဦးဝင်းမြင့်နှင့် မြို့နယ်လဝကဦးစီးမှူး  ဦးထွန်းဇော်ဦးတို့က   အသီးသီးလက်ရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  ရမည်းသင်းမြို့နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အသက်(၁၀)နှစ်ပြည့်သူများ၊ အသက်(၁၈)နှစ် ပြည့်သူများနှင့် အသက်(၁၈) နှစ်အထက်ရှိသူတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ဆောင်ရွက်ပေးခြင်း၊ လဲလှယ်ခြင်းနှင့်  အိမ်ထောင်စုလူဦးရေစာရင်း   ဆောင်ရွက်ပေးခြင်းတို့ကိုမေလ ၃ ရက်နေ့က စတင်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ မိမိမွေးဖွားရာဇာတိတွင် အမြဲတမ်းနေထိုင်၍  အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ရွှေပြောင်းနေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သည့်လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရမည်းသင်း(ခရိုင် ပြန်/ဆက်)