ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ဆိပ်ကြီးခနောင်တို ဇွန် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လူငယ်ဆိုင်ရာ  အမျိုးသားစာပေဆုရ စာအုပ်ဖြစ်သည့် “ချစ်လို့ ပြောတာ မှတ်ပါ” စာအုပ်ထဲမှ “စာ‌ပေရဲ့ အရသာ” ခေါင်းစဉ်ပါစာပေ အကြောင်းအရာကို  Book Club  အသင်းဝင်ဦးထွန်းရှိန်က လည်းကောင်း၊ Youth Club အဖွဲ့ဝင် ကိုကျော်ကျော်ထွန်းက “သင်ယူ ပြုပြင်မှု အလေ့အထ” ခေါင်းစဉ်ပါ စာပေ  အကြောင်းအရာတို့ကို လည်းကောင်း အသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ရသစာအုပ်၊စာစောင်မျိုးစုံတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီစာဖတ်သူပရိသတ်များ အခမဲ့ ငှားရမ်း ဖတ်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ် မိတ်ဆက်ကဏ္ဍ တင်ဆက်ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းနှင့် အိမ်တွင်း လက်မှု နည်းပညာများကို လက်တွေ့ပြသလွှင့်တင်ပေးလျက်ရှိပြီး စာအုပ် စာစောင်များကိုလည်း စာဖတ်သူတို့ အိမ်တိုင် ရာရောက် Mobile ကွင်းဆင်း၍ ငှားရမ်း၊ဖတ်ရှုနိုင်အောင် ပြည်သူ့ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ