နမ္မတူ ဇွန် ၂၄
မူးယစ်ဆေးဝါးသည် လူညွှန့်တုံးသည်အထိဖြစ်စေနိုင်သဖြင့် မူးယစ်ဆေးဝါးကို စတင်အသုံး မပြုမိအောင် သတိပြုရှောင်ကြဉ်ကာ အနာဂတ်ပန်းများ ပွင့်လန်းစေရန် ရည်ရွယ်၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ (၂၆)ရက် နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက် ခဲ့ပါသည်။
ထို့သို့အခမဲ့ဖြန့်ဝေဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူ မြို့နယ် ရုံးရှိဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၂၄၀)အား အများပြည်သူနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အမှတ်(၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာ မူလတန်းလွန် ကျောင်းသို့လည်းကောင်း၊ တိုင်းရုံးဈေး၊ မြို့နယ်အတွင်းရှိ ဆိုင်ခန်းများနှင့် ဒေသခံပြည်သူများသို့ လည်းကောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးသို့ လက်ကမ်းစာစောင် ရောက်ရှိစေရေး မြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း အသီးသီး အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သည့် သဝဏ်လွှာကောက်နှုတ်ချက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွားနိုင် သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဆောင်ပုဒ် များ၊ ကဗျာများ ပါဝင်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)