ရမည်းသင်း ဇွန် ၂၄
၂၀၂၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီကရမည်းသင်းမြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ဓမ္မာရုံတွင်ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးများကို အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများကိုလည်းကောင်း၊ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မြို့မဈေးနှင့်အနှေးယာဉ်ဆိုက္ကားဂိတ့်တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးစွဲသူ ဖေးမကူ ၊ မုံရွာဝင်းဖေ ရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူ (ကဗျာ) ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ ၊ ကာတွန်းများ ပါဝင်ကြောင်းသိရသည်။