မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်

ရန်ကုန်       ဇွန်       ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ စာပေကိုတန်ဖိုးထား ဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် လူငယ်များမူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ခိုင်ချစ်အောင် ရေးသားသည့် “အဖြူရောင်ရေခဲလွင်ပြင်နှင့်အညိုရောင်ချောကလက်အိပ်မက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမ ပေါက်ပေါက်က စာရေးဆရာ ခိုင်ချစ်အောင် ၏ “အဖြူရောင်ရေခဲလွင်ပြင်နှင့်အညိုရောင်ချောကလက်အိပ်မက်” စာအုပ်နှင့်ပတ်သပ်၍ ဖတ်ရှုလေ့လာထားမှုများကို ဦးဆောင်ဆွေးနွေးခဲ့ရာ အဆိုပါစာအုပ်ထဲမှ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဘဝ၏ပန်းတိုင်များ ပျောက်ဆုံးခဲ့ရပြီး မိသားစု အသိုက်အမြုံများ ပျက်စီးဆုံးရှုံးခဲ့ရပုံများကို ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြင့် ရေးသားထားမှုများကို  ဆွေးနွေးပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ စာဖတ်ဝါသနာရှင်များက စာအုပ်တွင်ပါဝင်သည့် ကဏ္ဍရပ်များအလိုက် မိမိတို့နှစ်သက်ရာ များ ကို အသီးသီးပြန်လှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် လစဉ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ စာပေကိုချစ်မြတ်နိုးသူများ ပိုမိုးတိုးပွားလာစေကြောင်း နှင့် အသိပညာဗဟုသုတများလည်း ပိုမိုတိုးပွားလာကြောင်း မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။ စာဖတ်ဝိုင်းကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ Mask တပ်ခြင်းနှင့် လက်ဆေး ခြင်းများကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ