ကျိုင်းတုံ ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုဆရာဖြစ်သင်တန်းကို ယနေ့ နံနက် (၉) နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျုံးလျန်ဗွိုင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးရွာရေရရှိရေး လုပ်ငန်းများရှိ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ/ကျေးရွာသားများ၏ ခေါင်းဆောင်နိုင်မှု အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့သင်းမှ ကောင်းမွန်သည့် ခေါင်းဆောင်မှုပုံစံ၊ ခေါင်းဆောင်ကောင်းတစ်ဦး၏ အခန်းကဏ္ဍ၊ ကျေးရွာ ခေါင်းဆောင်ကောင်းတစ်ဦး၏ ထားရှိရမည့်စိတ်ဓာတ် စသည့် သင်ခန်းစာခေါင်းစဉ်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ကျေးရွာစီမံကိန်း တာဝန်ခံများနှင့် ဝန်ထမ်း(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)