တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

တောင်ဥက္ကလာပ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင်  လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ/ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၃)ခုတွင် ပန်းခင်းစီမံချက်ဖြင့် မေလ ပထမ အပတ်မှစ၍ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သိရသည်။

ခင်ဆွေနှင်း