ကျောက်ဆည်မြို့၌ ဆည်ရေသောက်စနစ်ဖြင့် မိုးစပါး(၅၂၄၅၇)ဧက စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေများစတင်ပေးဝေ

ကျောက်ဆည် ဇွန်၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆည် ရေသောက်စနစ်ဖြင့် မိုးစပါး (၅၂၄၅၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ မိုးစပါးစိုက်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇော်ဂျီရေသောက်စနစ်၊ ကင်းတား ရေသောက် စနစ်၊ သစ်တက်ကုန်းရေသောက် စနစ်တို့မှ မြောင်းများအလိုက် နေ့ရက်များသတ်မှတ်ကာ စိုက်ပျိုးရေများ စတင်ပေးဝေလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရေများပေးဝေရာတွင် လျာထားစပါးစိုက်ဧကများ ပြည့်မီအောင်မြင်စေရေးအတွက် ဇွန်လ (၁၅) ရက်မှစတင်ကာ နိုဝင်ဘာ(၃၀)ရက်နေ့အထိ အထက်လင်းဇင်းမြောင်း၊ နွားတက်မြောင်း၊ ငပြောင်မြောင်း၊ နောင်ခမ်း/သင်းဒီးမြောင်း၊ သင်းတွဲမြောင်း၊ မင်းရဲမြောင်း၊ တမုတ်မြောင်း၊ ဇီးတောမြောင်း၊ ပလိပ်မြောင်း၊ မြောင်းဆုံမြောင်းများတွင် နံနက်(၆)နာရီမှ စတင်ကာ (၇)ရက်ပိတ် (၇)ရက်ဖွင့် အလှည့်ကျစနစ်ဖြင့် ရေများပေးဝေလျက်ရှိကြောင်း သိရှိ ရသည်။
ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် မင်းရဲမြောင်းမှ(၂၅၄၆) ဧက၊ သင်းတွဲမြောင်းမှ (၇၀၆၂)ဧက၊ ငပြောင်မြောင်းမှ(၃၄၅၈)ဧက၊ ဇီးတောမြောင်းမှ(၈၁၆)ဧက၊ နွားတက်မြောင်းမှ(၁၅၉၉၉)ဧက၊ တမုတ်မြောင်းတွင် (၅၂၈၂)ဧက၊ အထက်လင်းဇင်းမြောင်းမှ(၈၁၃)ဧက၊ သင်းဒီမြောင်းမှ(၅၉၁၀)ဧက၊ ထုံးကြီး မြောင်းမှ(၂၅၂၁)ဧက၊ စမာမြောင်းမှ(၇၀၇၂)ဧက၊ ဒီဝိုင်-၂၅ မြောင်းမှ(၅၂၄)ဧက၊ သစ်တက်ကုန်းမြောင်းမှ (၄၃၆)ဧက စုစုပေါင်း(၅၂၄၅၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိပြီး ရဲယမန်းနှင့်ဘော်တောင် ဒေသများ တွင် မိုးကောင်းသောက်စနစ်ဖြင့်(၂၃၂)ဧကနှင့် ရဲဘော်ကြီးကျေးရွာအုပ်စုဒေသတွင် မြေအောက်ရေဖြင့်(၁၁၀) ဧက မိုးစပါးများစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)