ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁) ကျင်းပ

နေပြည်တော်  ဇွန် ၂၄

ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းလင်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များသို့ (၆/၂၀၂၁)လမှစ၍ မြန်မာ့အလင်းနှင့်ကြေးမုံ နေ့စဉ်ထုတ်သတင်းစာများ လှူဒါန်းပေးမှုအခြေအနေ၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်မှု၊ ပုံပြင်ပြောခြင်းအစီအစဉ်နှင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များထုတ်လွှင့် တင်ဆက်နေမှု၊ ခရိုင်ပြည်သူ့စာကြည့်တိုက် ပုံမှန်ဖွင့်လှစ်မှု၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင် ပြသခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒို့ကျေးရွာဂျာနယ် ဖြန့်ချိပေးနေမှု အခြေအနေများ၊ ခရိုင်ပညာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေနှင့် အခြားခရိုင် အဆင့်ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် အဖွဲ့ဝင်(၂) ဦးကျော်ကျော်နိုင်တို့မှ လိုအပ်သည်များ ပြန်လည်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)