ရန်ကုန် ဇွန် ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဗဟုသုတ ကြွယ်ဝစေရန်နှင့် စာပေမှ ရရှိလာသည့် အသိ၊ အမြင် ဗဟုသုတများကို ပြန်လည်အသုံးပြုနိုင်စေရန်၊ အတွက် ယနေ့ မွန်လွဲ ၃ နာရီက စာဖတ်ဝိုင်းကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင်၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှဌေးက စာဖတ်ဝိုင်း တက်ရောက်လာသူများအား စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းတွင် စာရေးဆရာ (လယ်တွင်းသားစောချစ်)၏ ၁၉၈၉ ခုနှစ်က အမျိုးသား စာပေဆုရစာအုပ်မှ “ပန်လိုချင်အပင် ပျိုးတတ်မှ” စာအုပ်အား စာရေးဆရာမ ပေါက်ပေါက် (တင်ထက်ထက်ဇော်)က ဆွေးနွေး ပြောကြားရာတွင် ပန်းလှလှလိုချင်ရင် ဥယျာဉ်မှူး ကောင်း ဖြစ်ဖို့လို ကြောင်း၊ သားကောင်း၊ သမီးကောင်း ရလိုချင်ရင် မိဘကောင်း ကိုယ်တိုင်ဖြစ်ဖို့လိုကြောင်း၊ ပန်းလို နုနယ်သော ကလေးများကို ငယ်စဉ်ကလေးဘဝကတည်းက၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို အထူးဂရုပြု၊ တန်ဖိုးရှိအောင် ပြုစုပျိုးထောင်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာအုပ်တွင် ပါရှိသော အချက်များကို မိမိတို့၏ အတွေးအမြင်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်