ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ကောင်စီ အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် ကောက်ခံရသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကို ပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက အမှာစကား ပြောကြားသည်။
ထို့နောက် အခွန်အရပ်ရပ်လျာထားချက်များကို ပြည့်မီကျော်လွန်အောင် အခွန်ကောက်ခံရရှိနိုင်မည့် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်အား နိုင်ငံတကာအဆင့်မီ အခွန်စီမံခန့်ခွဲမှုဖြစ်စေရန် တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားဆောင်ရွက်နေမှု များကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၁)၊ (၂)(၃)၊(၄) တို့မှ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းအတွင်း အခွန်ကောက်ခံရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ ဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများက အခွန်လျာထားချက် ကောက်ခံရရှိမှုနှင့် သတ်မှတ်ကာလအတွင်း ပြည့်မီအောင်ကောက်ခံမည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တင်ပြဆွေးနွေးကြသည့် ဌာနအလိုက် လိုအပ်ချက်များ၊ အခက်အခဲများအပေါ် လုပ်ငန်းကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက် ပေးမည့် နည်းလမ်းများကို ဆွေးနွေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက သတ်မှတ်ကာလအတွင်း စည်းကြပ်ရန် ကျန်နေသည့်အခွန်ငွေများ ပြည့်မီအောင် စည်းကြပ်ရန် ၊ အခွန်ကြွေးကျန်များ အမြန်ကောက်ခံ ပေးသွင်းစေရန်၊ မြို့နယ်အဆင့် အခွန်ကောက်ခံရေး အထောက်အကူပြု အဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ရန် ၊ လျာထားချက်များ ပြည့်မီစေရေးအတွက် လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်သွားရန်နှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဝန်ထမ်းများသည် အဂတိ ကင်းရှင်းမှုတို့ဖြင့် အစွမ်းကုန်အောင်မြင်အောင် ကြိုးပမ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး