မိုင်းပျဉ်း ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း (စိမ့်စမ်းရေသွယ်ယူခြင်း)များ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ယမန်နေ့က တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး နှင့်အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ပြီးစီးမှု ပြေမြင် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်တွင်းရှိ ကျေးရွာများဖြစ်သည့် ဝမ်ကတ်ကျေးရွာ၊ ဝမ်ဟိုက်ကျေးရွာနှင့် ဝမ်လုံကျေးရွာတို့တွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် ဝမ်ပေါ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ယခုအခါအဆိုပါ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် အဆိုပါကျေးရွာတို့ရှိ ပြည်သူများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်ချောမွေ့စေခြင်း၊ သောက်သုံး ရေဖူလုံစွာ ရရှိစေခြင်းတို့ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစသည်တို့ ဖွံဖြိုးတိုးတက်လာမည်ဖြစ်၍ ကျေးလက်ပြည်သူတို့၏ လူနေမှုဘဝ မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်