ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇွန် ၂၄

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင် အသင်းတို့ ယဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင် အသင်းက (၄-ဝ) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲ တတိယဆုရရှိသော ကျိုင်းတုံခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သိန်းစီတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်မြင့်တို့မှ လည်းကောင်း၊ ဒုတိယဆု ရရှိသောတာချီလိတ် ခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု (၈) သိန်းကျပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်သိန်းမောင်မှ လည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုဖြစ်သည့် ဂိုးအကောင်းဆုံး၊ နောက်တန်း အကောင်းဆုံး၊ အလယ်တန်းအကောင်းဆုံး၊ ရှေ့တန်းအကောင်းဆုံး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်းစီတို့ကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ရဲမှူးချုပ် တင်ကိုကိုနှင့် ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံတို့မှ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်မှ  လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင် အမျိုးသမီးအသင်းအား ငွေသားကျပ် (၁၀) သိန်းနှင့် ဆုဖလားတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းတို့မှ အသီးသီး ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)