ကျောက်တန်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်နှင့် အလုံးစုံသော ဘေးအန္တရာယ်တို့ကို တားဆီးကာကွယ်နိုင်စေရေး ရှေးရှု၍ ကျောက်တန်း မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၌ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့သော အသံမစဲ အဘိဓ္ဓာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက အဆိုပါ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက ကျောက်တန်းမြို့ စံချိန်မီရပ်ကွက်၊ ဓမ္မသိင်္ဂီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရ ( မဟာသဒ္ဓမ္မဇောတိကဓဇ) ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကြွရောက်တော်မူကြသော ထေရ၊ နဝ၊ မဇ္ဇျိမဖြစ်ကုန်သော သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်မြတ်ကို ချီးမြှင့်ခဲ့ပြီး အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ကျောက်တန်းမြို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ စိတ္တသုခကျောင်း တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ ) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းခန့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေဝင်း