ရန်ကုန် ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း နယ်မြေသတင်းထုတ်ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက ခရိုင်အတွင်း နယ်မြေသတင်းများ ရယူဆောင်ရွက်လျက်ရှိသော ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက “ မိမိတို့ခရိုင်အတွင်း သတင်းလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများအနေဖြင့် မိမိဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီ ရယူပေးပို့ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ယင်းကဲ့သို့ သတင်းများရယူရာတွင် အခက်အခဲများရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြ၍ ဆောင်ရွက်စေလိုပါကြောင်း၊ သတင်းဓာတ်ပုံသမားများအနေဖြင့် ဌာနမှ သတင်းရယူရာတွင် အသုံးပြုရန်အတွက် ထုတ်ပေးထားသည့် ကင်မရာနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျ အသုံးပြုရန်နှင့် ကင်မရာသုံးစွဲမှုမှတ်တမ်းထားရှိပြီး ရိုက်ကူး ထားသည့် ဓာတ်ပုံများကို စနစ်တကျ မှတ်တမ်းထားရှိကြရမှာဖြစ်ပြီး နယ်မြေအတွင်း ထူးခြားဖြစ်စဉ်များနှင့် အရေးပေါ်သတင်းများအတွက် CDနှင့်DVDများဖြင့် မှတ်တမ်းဓာတ်ပုံများ သိမ်းဆည်းထားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစစအရာရာ သတိဝိရိယဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
လင်းလင်းထွန်း