မိုင်းယောင်း ဇွန် ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း မြေထိန်းနံရံပြိုကျနေမှုကို အချိန်မီပြုပြင်နိုင်ရေး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ကိုဗစ်ကာလအတွင်း ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်များ ဆွမ်းကွမ်းကိစ္စအဆင်ပြေရေး စသည့် သာသနာရေးဆိုင်ရာများကို အသီးသီး လျှောက်ထားကြကာ ဆရာတော်အား ဇီဝကမ္မအလှူဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဝမ်ဇလီလော်)ကျောင်း မြေထိန်းနံရံပြိုကျနေမှုကို အချိန်မီပြုပြင်နိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးကာ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်းတို့တွင် သန့်ရှင်းသော သောက်တော်ရေ၊ သုံးတော်ရေများ ကောင်းမွန်စွာ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း