ထန်းတပင်(ရန်ကုန်) ဇွန် ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်း(၂/၂၀၂၁)ကို ကျောင်းကုန်းကျေးရွာ တွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းကို ကျောင်းကုန်း ကျေးရွာမှာ (၄၅)ရက်ကြာ(အခမဲ့) ဖွင့်လှစ်ဆောင်ရွက်ပေးနေတာပါ၊ ဇွန်လ(၂၂)ရက်နေ့ကနေ သြဂုတ်လ (၅)ရက်နေ့အထိပေါ့ လက်ရှိတက်ရောက်နေတဲ့ သင်တန်းသားဦးရေ အနေနဲ့ကတော့ သင်တန်းသားက (၂)ဦးနဲ့ သင်တန်းသူက (၂၆)ဦး စုစုပေါင်း(၂၈)ဦး တက်ရောက်လျက်ရှိပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ရှင်းပြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ဇွန်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ကျောင်းကုန်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြရာ သင်တန်းဖွင့်ပွဲသို့ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်