သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်

မိုင်းစံ ဇွန်  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေး (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများနှင့် အဘိတ် ဆေးခတ်ခြင်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အမှတ်(၁)ရပ်ကွက်အတွင်းရှိ စျေးဆိုင်များ၊ လူနေအိမ်များသွားရောက် လှည့်လည်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းစံမြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်း (ဖုံး၊သွန်၊လဲ၊စစ်) သရုပ်ပြခြင်းများ၊ အဘိတ် ဆေးခတ်ခြင်းများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေးပြောကြား ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော အခြားရပ်ကွက်ရှိစျေးဆိုင်များနှင့် လူနေအိမ်များကိုလည်း အဘိတ်ဆေးခတ်ခြင်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ချို (မိုင်းစံ)