သံတွဲ ဇွန် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဇွန်ပထမပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၆ရက် ညမှစ၍ သမိုင်းဝင် ရွှေဆံတော် စေတီရင်ပြင်ရှိ တောင်ကမ်းပါးရံများမြေပြိုကျမှုဖြစ်ပွါး ခဲ့သဖြင့် ရွှေဆံတော် စေတီ မှာထိခိုက်မှုမရှိပဲ စေတီအနီးရှိ ဆောက်လုပ်လျက်ရှိသည့် သာသနိကအဆောက်အဦ အောက်ခြေနံရံများ ပြိုကျမှုကြောင့် အဆောက်အဦကွဲအက်ပြိုကျမှုများပြန်လည်ပြုပြင်ရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ရက်နံနက်၉.၃၀နာရီက အဆိုပါရင်ပြင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ရွှေဆံတော် စေတီ ဦးစီးပဓါနနာယက၊ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ က ရွှေဆံတော် စေတီရင်ပြင်ရှိ တောင်ကမ်း ပါးရံများမြေပြိုကျမှုနှင့် ဆောက်လုပ်လျက်ရှိသည့် သာသနိကအဆောက်အဦ အား အမြန်ဆုံးပြုပြင် နိုင်ရေးအတွက်လိုအပ်သည်များကို မိန့်ကြားတော်မူသည်။ ထို့နောက် တည်ဆောက် ပြုပြင်ထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးဝင်းဗိုလ် က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်ကော်မတီများအားလုံးပူးပေါင်း၍ ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများနှင့် မြေထိန်းနံရံဆောက်လုပ်ရေးလုပ်ငန်းများ အမြန်ဆုံး အောင်မြင်စွာဆောင်ရွက်နိုင် ရေးအတွက် ဒီဇိုင်းပုံများပြန်လည်ရေးဆွဲခြင်း၊ ရန်ပုံငွေများရရှိရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကော်မတီအသီးသီးမှ ပြုပြင်တည်ဆောက်ရေးနှင့် ရန်ပုံငွေရရှိရေးအတွက် အကြံပြု တင်ပြကြရာ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သံတွဲ