ကျိုင်းတုံ ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲနွမ်ပါးမှုလျော့ချရေးနှင့် ရေရှည်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရေးကိုရည်ရွယ်၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth) သင်တန်းကို ယနေ့နံနက် (၉) နာရီ က ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စတင်စမ်းသပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက် လာစေရေးအတွက် ကျေးရွာလူထုကို လှုံ့ဆော်စည်းရုံးလာနိုင်သော အကျိုးရလဒ်များရရှိလာရန်ရည်မှန်း ဖွင့်လှစ်ခြင်း ဖြစ်သဖြင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယင်းသဘောတရားများကို သိရှိနားလည်ပြီး ပြည်သူများသို့ပြန်လည်ဝေမျှပို့ချနိုင်ရေး ဂရုတစိုက်လေ့လာမှတ်သားသွားရန်ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ခရိုင်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့သင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များက အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းမိတ်ဆက်ခြင်းနှင့် လိုက်နာကျင့်သုံးရမည့် အခြေခံအချက်များ၊ မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာတိုက်စားမှုကာကွယ်ခြင်း၊ ဓာတုဗေဒသုံး စိုက်ပျိုးရေးပစ္စည်း လျော့ချသုံးစွဲမှုအသိပညာပေးခြင်း၊ သြဂဲနစ်သွင်းအားစုများ သုံးစွဲမှုမြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချခြင်း စသည့်သင်ခန်းစာ ခေါင်းစဉ်များဖြင့် ဇွန်လ ၂၃ရက်မှ ၂၄ ရက်နေ့အထိ ၂ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး ကျိုင်းတုံ ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ကျေးရွာစီမံကိန်းတာဝန်ခံများနှင့် ဝန်ထမ်း(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)