တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

 

တောင်ဥက္ကလာပ ဇွန် ၂၃

 

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်မြတ်မိုးက တောင်ဥက္ကလာပ​မြို့နယ်အနေဖြင့်

ကိုဗစ်-၁၉ ရောဂါရှိသူများ ထပ်မံတွေ့ရှိနေ၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရောဂါကာကွယ်နိုင် ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲများနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါသံသယရှိသူများအား ထားရှိရန်အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံတွင် ပြင်ဆင်ထားရှိကြောင်း မိမိရပ်ကွက်အလိုက် စေတနာ့ဝန်ထမ်းများ ထားရှိရန်နှင့် အခက်အခဲများရှိပါက ပူးပေါင်း ဆောင်ရွက်ရန် စသည့်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ လုပ်ဆောင်ရမည့် အခြေအနေများကို ပူးပေါင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း