ကိုဗစ် -၁၉ ရာဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နောင်ချိုမြို့မဈေးနှင့် ကျေးလက်ဈေးများ ယာယီပိတ်ထား

နောင်ချို  ဇွန်  ၂၃

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလက်ဈေးများကို ဇွန်လ ၂၃ ရက်မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့ရှိသူ များပြားလျက်ရှိရာ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နောင်ချိုမြို့နယ်စည်ပင်သာယာရေးဌာန၏ ကွပ်ကဲမှု အောက်ရှိ နောင်ချိုမြို့မဈေးကြီးနှင့် ကျေးလက်ဈေးများဖြစ်သည့် ဘန့်ဘွေးဈေး၊ ဟိုခိုဈေး၊ သုံးဆယ်ဈေး၊ တောင်းခမ်းဈေး၊ ကံကြီးဈေးများကို ၂၃-၆-၂၀၂၁ ရက်မှ ၂၉-၆-၂၀၂၁ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း၊ ဈေးများရှိ ဈေးပတ်လမ်း၏ လက်ဝဲ လက်ယာ တစ်လျှောက်နှင့် ဈေးအနီးရှိ ကိုယ်ပိုင်နေအိမ်များတွင် ဖွင့်လှစ်ထားရှိသော ဆိုင်များ၏ မျက်နှာစာ အရှေ့တွင် ပျံကျဈေးဆိုင်ဖွင့်လှစ်ခြင်း၊ ရွေ့လျားစနစ်ဖြင့် ရောင်းချခြင်းများ ကိုလည်း ခွင့်မပြုကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)