ဘီးလင်း ဇွန် ၂၃
သထုံခရိုင်၊ဘီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်ကူပြု (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ဆပ်ပြာခဲ)ပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက နယ်ခြား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်းက သင်တန်းဆင်း အမှာစကားပြောကြား ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမင်းထောစံကသင်တန်းတွင် ဆုရရှိသော အဖွဲ့များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်ကူပြု သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ထူးနောင်