မိတ္ထီလာ၊ ဇွန် ၂၃
မိတ္ထီလာမြို့နယ်တွင် ခေါင်းဆောင်မှုအရည်အသွေးမြှင့်မားရေး ခေါင်းဆောင်မှု သင်တန်းကို ယမန်နေ့ နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးလတ်က အမှာစကားပြောကြားခဲ့ရာတွင် မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာ များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေရရှိရေးစီမံကိန်း၊ VDPစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများတွင် ဖွဲ့စည်းထားသော ကျေးရွာကော်မတီဝင်များအား ခေါင်းဆောင်မှုအရည်အသွေး မြှင့်မားရေးအတွက် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းသားအချင်းချင်း
မိတ်ဆက် ခဲ့ကြပြီး သင်တန်းဆရာများက ကောင်းမွန်သည့် ခေါင်းဆောင်မှုနှင့် ညံ့ဖျင်းသည့် ခေါင်းဆောင်မှု ၊ ခေါင်းဆောင်မှုပုံစံများ၊ ကောင်းမွန်သောဆက်သွယ် ဆောင်ရွက်မှု၊ ခေါင်းဆောင်ကောင်းတစ်ဦး ပြုကျင့်ရမည့်
အမူအကျင့်စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့် အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေးစီမံကိန်း၊ VDPစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အရှေ့ကုန်း၊ မုန်ကန်၊ ချောက်ပင်၊ ကျွန်းဖိုပင်၊ မကျီးကန်၊ ကုက္ကိုပင်၊ သဘွတ်ကုန်း၊ အိုးအိုင်ကုန်း၊ ကန်ကြီးကုန်း၊ ညောင်ကုန်း၊ ကျောင်းရွာကလိန်ခြေ၊ လေးထောင့်ကန်၊ ဂွေးတောက်ကုန်း၊ ညောင်ကားယား၊ မင်းတဲကုန်း စသည့်ကျေးရွာများမှ ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြီး သင်တန်းကို နံနက် ၉နာရီမှ ညနေ ၄နာရီအချိန်အထိ တစ်ရက်တာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်