အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား”  လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

နေပြည်တော် ဇွန် ၂၃

ပြည်သူများ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့မဈေးနှင့် သပြေကုန်း ဈေးတို့၌သွားရောက်၍  ဈေးရောင်းဈေးဝယ်ပြည်သူများအား ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြသည်။

သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ် ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဆွဲသူ ဖေးမကူ၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊  မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ မူးယစ်အန္တရာယ် အသိပညာပေး မုံရွာဝင်းဖေ၏ ‘‘ကမ္ဘာ့ရန်သူဘိန်းဖြူ’’ ကဗျာ နှင့် ကာတွန်းဆရာ သူရမိုး ရေးသားသည့် သရုပ်ဖော် ကာတွန်းတို့ပါရှိပြီး အဆိုပါသတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှအခမဲ့ ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)