ချင်းရွှေဟော်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးနိုင်ရန် ဓါတ်ခွဲနမူနာ Swab များရယူခြင်း ဆက်လက်ဆောင်ရွက်

ချင်းရွှေဟော် ဇွန် ၂၃

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများအား   ကိုဗစ် -၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ Swab များရယူခဲ့ခြင်းကို အဆို ပါရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့်ဝန်ထမ်းများ၊ သန္တိသုခလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း နေထိုင်ကြသည့်  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် စာရင်းဇယားအချက်အလက်များ တိတိကျကျ ကောက်ယူ၍ ဓါတ်ခွဲနမူနာ အာခေါင်တို့ဖတ်  Swab များရယူခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရေး ဓါတ်ခွဲနမူနာများ ရယူခြင်းကို ဇွန်လ(၂၂)ရက်နေ့တွင် အမျိုးသား(၃၄၃)၊ အမျိုးသမီး(၁၃၀)၊စုစုပေါင်း(၄၇၃)ဦး ရယူခဲ့ကာ ယနေ့တွင် ဆက်လက်၍ အမျိုးသား(၂၂၂)၊ အမျိုးသမီး(၂၄၃)ဦး ၊စုစုပေါင်း(၄၆၅)ဦးတို့ ရယူကာ စုစုပေါင်းပြည်သူ(၉၃၈)ဦး ရယူဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏  ဓါတ်ခွဲနမူနာ Swab များအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးသည့်  RT(PCR) စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ   ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း  ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)