ရွှေကူ သြဂုတ် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဒေသခံပြည်သူများဖြင့် ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့်ပတ်သက်၍ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့သည်။
၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးကိုကိုမြင့်နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)