တံတားဦး ဇွန် ၂၃
၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ၊ အခြေခံပညာကျောင်းများနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးကြောင်းသိရသည် ။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးစွဲသူ ဖေးမကူ ၊ မုံးရွာဝင်းဖေ ရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူ (ကဗျာ) ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ ၊ ကာတွန်းများ ပါဝင်ကြောင်းသိရသည် ။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်(၂၄၀)ကို အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
ရဲတင့်(တံတားဦး)