ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

ဟိုပန်     ဇွန်   ၂၃

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ‘ဝ’ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးညီနပ်က ဟိုပန်မြို့ တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမရှိစေရေး မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ဝင်ထွက်သွားလာခြင်း များအား စနစ်တကျစစ်ဆေးကြပ်မတ်ရန်၊ ဖွဲ့စည်းထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီများအနေဖြင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းမှုမဖြစ်ပေါ် စေရန်၊ အဆိုပါလုပ်ငန်းသည် ဖွဲ့စည်းထားသော ကော်မတီများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း မှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအုံးဝင်းမှ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများနှင့် Quarantine Centre ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တိုင်း၊ ခရိုင်၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)