ကျောက်ဆည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျောနည်းစေရေး အတွက် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)ခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦး ရှိကြောင်း၊ Quarantine Centre မြင်းစိုင်းခန်းမတွင် ထားရှိရေးစီစဉ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့သူများအနေဖြင့် မိမိတို့နေအိမ်များတွင် Home Quarantine အဖြစ် အသွားအလာကန့်သတ် နေထိုင်သွားရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာရဲဝင်းနိုင်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအနေဖြင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံး ကြီးသို့ တက်ရောက်စောင့်ကြည့်ကုသရမှာဖြစ်ပြီး ပိုးတွေ့လူနာနှင့်တိုက်ရိုက် ထိတွေ့သူများက မိမိတို့နေအိမ်တွင် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားကြပြီး (၃)ရက်အတွင်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားရမှာဖြစ်ကြောင်း အသီးသီးရှင်းလင်း ဆွေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်ဆွေးနွေး တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒုခရိုင်ပြည်သူ့ ကျန်းမာရေးဌာန မှူးတို့က ပူးပေါင်းဆောင်ရွက် ပေးမည့် အကြောင်းအရာများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)