ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များ၊ ပိုစတာများနှင့်လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ပူတာအို  ဇွန် ၂၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွင်း သွားလာနေကြသည့် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါကူး စက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ၊ ပိုစတာများနှင့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီ ခွဲက ပူတာအိုမြို့နယ် စည်ပင်သာယာဈေး၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်၍ အဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် ပူတာအိုမြို့အတွင်း ဖြတ်သန်းသွားလာနေကြသည့် အများပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တိတိကျကျလိုက်နာ နေထိုင်သွားလာရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေးတို့ကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များ တပ်ဆင်ထားခြင်းမရှိသည့် ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် လမ်းသွာလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ပူးပေါင်းအဖွဲ့များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် ပိုစတာများကို အများပြည်သူမြင်သာသည့် နေရာများတွင် ကပ်ထားခြင်းများဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

(ခရိုင်ပြန်/ဆက်)