သီပေါ ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဈေးများနှင့် မြို့နှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်၍သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ကလေးသူငယ်များအား မလိုအပ်ဘဲ အပြင်သို့ခေါ်ဆောင်သွားခြင်းမပြုကြရန်နှင့် ဈေးရောင်း၊ ဈေးဝယ်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်ကာ ရောင်းဝယ်ကြရန် စသည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လမ်းသွားလမ်းလာ ပြည်သူများ၊ ကား၊ ဆိုင်ကယ် စီးနင်းသွားလာနေသော ပြည်သူများနှင့် ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များကို နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ယခုအခါ ကိုဗစ်(၁၉)ရောဂါပိုး အတည်ပြုလူနာ (၅)ဦးနှင့် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် (၂၂)ဦး စုစုပေါင်း(၂၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ခင်လေး