ခေါဇာ ဇွန် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုအောင်နှင့် ဝန်ထမ်းများသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား လူငယ်များကြား ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ကာ ခေါဇာမြို့အခြေခံပညာ အထက်တန်း ကျောင်းတွင် ၂၀၂၁ ခုနှစ် ဇွန် လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကိုယနေ့နံနက်ပိုင်းကအခမဲ့လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အဆိုပါသတင်းစကား လက်ကမ်း စာစောင်တွင်၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသောဆေး ဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှပေး ပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင် ကြဉ်ဖွယ်၊ မူးယစ်ဆေးစွဲ သူဖေးမကူ ခေါင်းစဉ်စာ သားများအောက်မှ လူငယ်များ အနေဖြင့် မူးယစ်ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါး များကို စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာ သုံးစွဲခြင်းများ မပြုကြရန်နှင့် ဆေးစွဲ ဝေဒနာ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ဆောလျင်စွာ ပြသ၍ ဆေးကုသမှု ခံယူကြရန် လိုအပ်ချက်များ ပါဝင်သည်။
ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှထုတ်ဝေသောဆေးသုံးစွဲသူများ၏ဘဝကို ပြန်လည်ထူထောင်ပေးရေး စီမံချက်များ ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး၍ ပညာပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝကို ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှု ပေးခြင်း၊အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာများ သင်ကြားပေးခြင်းတို့နှင့် မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက် နှင့် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ဟူသော ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သောကဗျာ၊ ကာတွန်းများပါရှိကြောင်း သိရသည်။
ညီညီချမ်း