ကျောက်ဖြူ ဇွန် ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း MASK များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မြို့မကျောင်းသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန် ထားသည့် လိုက်နာရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဝန်ထမ်းများသည် ကျောင်းတက်ရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပါးစပ်နှာခေါင်းစည်း MASK အခု ရေ ၂၀၀ ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း