ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်း ပေါင်းစုံအမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကျင်းပ

 

စစ်တွေ  ဇွန် ၂၃

 

ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ကမ်းနားလမ်း၊ စာတိုက်ကြီးအနီး၌ ကျင်းပသည်။

 

ဦးစွာ ပြိုင်ပွဲဝင်ရောက်မည့်ကျောင်းသား၊ ကျောင်းသူအားကစားသမားများက နေရာယူကြပြီး ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးသည်။ ထို့နောက် အားကစားသမားများသည် ကမ်းနားလမ်း စာတိုက်ကြီးအနီးမှ ကမ်းနားလမ်းအတိုင်း စစ်တွေဗျူးပွိုင့်၊  စစ်တွေဟိုတယ်ကမ်းခြေအထိ၊ ထို့မှတစ်ဆင့် စတင်တာလွှတ် သည့် စာတိုက်ကြီးရှေ့သို့ ပြန်လည်ပန်းဝင်ကြသည်။ ထို့သို့ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူအား ကစားသမားများ ပြန်လည်ပန်းဝင်ကြစဉ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများကကြိုဆို အားပေးကြသည်။

 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းပေါင်းစုံအမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်သူရက ဆုများ ပေးအပ်ချီးမြှင့်ပေးပြီး အမျိုးသားပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဆုရရှိသော အားကစားသမားများနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။

ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

 

တင်ထွန်း