တာချီလိတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကို မြန်မာတာဝန်ရှိပုဂ္ဂိုလ်မှ ယနေ့နံနက် ၈ နာရီခွဲအချိန်က လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းသား ၁ဦး၊ ကျောင်းသူ ၃ဦး၊ စုစုပေါင်း ၄ ဦးသည် တာချီလိတ်မြို့ရှိ ဆွေမျိုးများထံ အလည်အပတ်လာရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများဖြစ်ကြပြီး မိဘရပ်ထံနှင့် ပညာရေးအတွက် ကျောင်းများ ပြန်လည်တက်ရောက်ရန်ဖြစ်ကြောင်း၊ ၎င်းတို့ကို မိဘများ ကိုယ်တိုင် လာရောက်တွေ့ဆုံခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်သည့်ထိုင်းကျောင်းသား၊ ကျောင်းသူများကို တာချီလိတ်မြို့ လဝက ဌာနခွဲ(၆)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူတို့က ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တံတား(၂)တာဝန်ခံ ရဲအရာရှိ PHANOR JARUPHAET၊ လဝကအရာရှိ SONGSOK PAKIANG နှင့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)