ကျောက်ဆည်မြို့နယ် မြင်းချီနိုင်ကျေးရွာနှင့် ထနောင်တပ်ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေး

ကျောက်ဆည် ဇွန်၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေး အတွက် ရည်ရွယ်ပြီး ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းမပျောက် မတည် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ်အဆင့် မြှင့်တင် ပေးခြင်း စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီကမြင်းချီနိုင်ကျေးရွာနှင့်ထနောင်းတပ်ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
 
ထိုသို့ စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြင်းချီနိုင်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၅၆)ဦးအတွက် ငွေကျပ်(၃၆၅)သိန်း၊ မွေးမြူရေး လုပ်ကိုင်သူ(၄၃)ဦး အတွက် ငွေကျပ်(၄၃)သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ (၁၁)ဦးအတွက် ငွေကျပ်(၂၁)သိန်း၊ စုစုပေါင်းငွေကျပ် (၄၂၉)သိန်းနှင့် ထနောင်းတပ်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၆၃)ဦးအတွက် ငွေကျပ်(၂၆၃)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၅၇)ဦးအတွက်
ငွေကျပ် (၁၅၄)၊ စုစုပေါင်းငွေကျပ် (၄၁၇)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြင်းချီနိုင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ထုတ်ချေးပေးခဲ့ပြီး ယခုထုတ်ချေးပေးခြင်းသည် သတ္တမအကြိမ် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ထနောင်တပ်ကျေးရွာတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် စတင်ထုတ်ချေးပေးခဲ့ပြီး ယခုထုတ်ချေးပေးခြင်းသည် တတိယအကြိမ် ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)