တောင်ကြီး ဇွန် ၂၃
(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် (၂၁)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ၂၀၂၀ ပြည့်နှစ်မှစပြီး ကမ္ဘာကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကြောင့် ပွဲများကို ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့များက နှစ်စဉ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့် စုံစမ်းဆောင်ရွက်ခဲ့ကြရာ ဖမ်းဆီး/သိမ်းဆည်း ရမိသည့် ထုထည် ပမာဏများစွာသော မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ယခင်နှစ်များအတိုင်း ဇွန်လ ၂၆ ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ပြီး ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို တောင်ကြီးမြို့၊ နန်းဟူးကျေးရွာအုပ်စု၊ မံတလင်း ကျေးရွာအကျော်ရှိ ဗြုံးကျောက်ထုတ်လုပ်ရေးကွင်းအနီးတွင် စနစ်တကျစွန့်ပစ် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို စုစည်းပြီး တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး ကာလတန်ဖိုးမှာ မြန်မာငွေကျပ် (၅၆၂)ဘီလီယံကျော် အမေရိကန်ဒေါ်လာ (၃၅၁)သန်းကျော်ဖြစ်ပါကြောင်း၊ ၂၀၂၁ခုနှစ်၊ မေလ ၃၁ရက်နေ့အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၈၃၃ မှု၊ တရားခံ ၄၀၇၇ ဦး၊ တန်ဖိုးငွေကျပ် ၃၈၀.၇၁၂ ဘီလီယံကျော် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၁၉၀.၂၃၃၄ သန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြစ် သိမ်းဆည်းနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးလှဦးနှင့် အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့မှ ဆွေးနွေးတင်ပြပြီး အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်မှ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြ၍ ဆပ်ကော်မတီအလိုက် အသီးသီး ဆွေးနွေးတင်ပြကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)