ရွှေပြည်သာ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဦးက ယခုပြုလုပ်သည့် အစည်းအဝေးသည် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရွှေပြည်သာမြို့နယ်အနေနဲ့ တတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွင် ပိုးတွေ့ရှိသူ(၁)ဦး တွေ့ရှိလာပြီဖြစ်၍ မပေါ့ဆကြစေလိုကြောင်း နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ကော်မတီဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Quarantine Centre များပြင်ဆင်ထားရှိပြီး ဝန်ထမ်းများ အလှည့်ကျ တာဝန်ချထားရန်လိုကြောင်း ၊ မိုးတွင်းကာလဖြစ်၍ ကိုဗစ်-၁၉ ရောဂါပိုးသည် အသွင်ပြောင်းပုံသဏ္ဍာန်ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိသည့် အတွက် ကြိုတင်ထိန်းချုပ်မှုများ ပြုလုပ်ကြရန်လိုကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အတွက် Quarantine Centre များဖွင့်လှစ်ရန် အခက်အခဲရှိကြောင်း၊ အစာစပ်စက်ရုံအား Quarantine Centre အဖြစ် ကြိုတင်ပြင်ဆင်ထားရှိပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ယခုထက်ပိုမို ပြန့်ပွားမှုမရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားမှုမရှိစေရန် အချိန်နှင့်တပြေးညီ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အသိပညာပေးခြင်များ၊ လိုက်လံဆော်သြခြင်းများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ ၊ Quarantine Centre ထားရှိရာတွင် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ၊ နေထိုင်စားသောက်မှုအခြေအနေများကို အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမိုး