ကျောက်တံတား သြဂုတ် ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ(၃)ဦးမှ မောင်ကောင်းဆက်လင်းသည် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ(၁၂)ဦး စာရင်းတွင် ပါဝင်ခဲ့ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ပညာရေးဝန်ကြီးဌာန online website များတွင် ထုတ်ပြန်ကြေညာခဲ့ပြီးသြဂုတ်လ (၁၀)ရက်နေ့နံနက်ပိုင်းမှစတင်ကာ အခြေခံပညာအထက်တန်း ကျောင်းတွင် လည်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား စီတန်းကြည့်ရှုနိုင်ရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိပြီး ကျောင်းသား/ ကျောင်းသူများနှင့် မိဘများကလည်း ကျန်းမာရေး စည်းကမ်းချက်များ နှင့် အညီ လာရောက်ကြည့်ရှုနိုင်ရန်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တွင်၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၆ ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် (၁၀) ဦး၊ဖြေဆိုသူ(၂၀၁)ဦးတွင် အောင်မြင်သူ(၇၃)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်(၃၆.၃၂)% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။
ရွှေနန်းမေ