သာကေတမြို့နယ် အ-ထ-က(၃) အခြေခံပညာအထက်တန်းကျောင်း သုံးထပ် RC ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

သာကေတ ဇွန် ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း သုံးထပ် RC ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အောင်သီတာဆရာတော်နှင့်တကွ ကျောင်းအုပ်ဆရာမကြီးနှင့် အ-ထ-က(၃) ကျောင်းသားဟောင်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အောင်သီတာဆရာတော်ဘဒ္ဒန္တဓမ္မာစာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ကန္တဝါစကပဏ္ဍိတ) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် မင်္ဂလာအချိန် ကျရောက်သည့် နံနက်(၉)နာရီအချိန်၌ အ-ထ-က(၃) တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမခိုင်က သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်ခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်ရခြင်းနှင့် ပက်သတ်၍ "သုံးထပ်ကျောင်းဆောင်သစ် အလျား(၁၄၀)ပေ၊ အနံ(၃၀)ပေရှိတဲ့ သုံးထပ် RC အဆောက်အဦကို  တင်အောင်(ဆောက်လုပ်ရေး ကုမ္ပဏီ)မှ တာဝန်ယူဆောက်လုပ်ပေးတာ ဖြစ်တယ် (၁)ထပ်မှာဆိုရင် (၄)ခန်းနဲ့ စာသင်ခန်းပေါင်း (၁၂)ခန်းရှိမှာဖြစ်လို့ ကျောင်းဆောင်သစ်ကြီး ပြီးစီးသွားရင် ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစွာ စာသင်ကြားနိုင်မှာဖြစ်တယ်၊ အ-ထ-က(၃) ကျောင်းဟာ ၁၉၆၈-ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်လို့ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ(၂၃၀၀)ကျော်လောက် တက်ရောက်ပညာသင်ကြားခဲ့ပါတယ်" ဟု တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမခိုင်ထံမှ သိရှိခဲ့ပါသည်။

ဆောင်းနှင်းဖြူ